26/10/2026
(Sapphire) အကြောင်း သိကောင်းစရာ💙
အပြာရောင်လေးနဲ့ ဆွဲဆောင်မှုရှိပြီး လူအများနှစ်သက်ကြတဲ့ နီလာကျောက်လေးအကြောင်း သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။
(၁) နီလာကျောက်က ကံကောင်းစေတဲ့ကျောက်လား? 💙
ရှေးခေတ်ကတည်းက နီလာကျောက်ကို သစ္စာတရား၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ စိတ်တည်ငြိမ်မှုတို့ရဲ့ သင်္ကေတအဖြစ် ယုံကြည်ခဲ့ကြပါတယ်။ ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးတယ်လို့လည်း ယုံကြည်ကြပါတယ်ရှင်။
(၂) နီလာနဲ့ ပတ္တမြားက မျိုးရင်းတူတယ်ဆိုတာ သိပါသလား?
ဟုတ်ပါတယ်ရှင်။ နီလာ (Sapphire) နဲ့ ပတ္တမြား (Ruby) တို့ဟာ Corundum လို့ခေါ်တဲ့ တွင်းထွက်အမျိုးအစားတစ်မျိုးတည်းကနေ ဖြစ်ပေါ်လာတာပါ။
နှစ်မျိုးစလုံးရဲ့ အဓိကဓာတုဖွဲ့စည်းပုံက Aluminium Oxide (Al₂O₃) ဖြစ်ပါတယ်။
နီလာရဲ့ အပြာရောင်ကတော့ သံနဲ့ တိုက်တေနီယမ်တို့ရဲ့ ပါဝင်မှုနဲ့ အပြန်အလှန်သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ ပတ္တမြားရဲ့ လှပတဲ့အနီရောင်ကတော့ ခရိုမီယမ်ဒြပ်စင်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်ရှင်။
(၃) နီလာဆိုတာ အပြာရောင်တစ်မျိုးတည်း မဟုတ်ပါဘူးနော်!
လူအများစုက Sapphire ဆိုရင် အပြာရောင်ကိုပဲ အရင်ဆုံးမြင်ယောင်ကြပါတယ်။ တကယ်တော့ နီလာမှာ အပြာရောင်အပြင် အဝါရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်နဲ့ လိမ္မော်ရောင်တို့လည်း ရှိပါတယ်ရှင်။
အနီရောင် Corundum ကိုတော့ Ruby လို့ခေါ်ပြီး အနီရောင်ကလွဲလို့ အခြားအရောင်တွေရှိတဲ့ Corundum ကို Sapphire လို့ ခေါ်ကြတာပါ။
နီလာတစ်ပွင့်နဲ့တစ်ပွင့် အရောင်မတူကြတာကလည်း ပါဝင်တဲ့ သဲလွန်စဒြပ်စင်တွေနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခြေအနေတွေ ကွာခြားတာကြောင့် ဖြစ်ပါတယ်။
(၄) နီလာက တကယ်မာကျောတဲ့ ကျောက်မျက်တစ်မျိုးပါ 💙
နီလာရဲ့ မာဆင့် (Mohs Hardness) က ၁၀ မှာ ၉ ရှိပါတယ်ရှင်။ စိန်ပြီးရင် အလွန်မာကျောတဲ့ ကျောက်မျက်တွေထဲက တစ်မျိုးဖြစ်လို့ လက်စွပ်၊ နားကပ်နဲ့ လည်ဆွဲတွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။
ဒါပေမဲ့ မာကျောတယ်ဆိုတာ လုံးဝမကွဲနိုင်ဘူးလို့ မဆိုလိုပါဘူးနော်။ ပြင်းထန်တဲ့ ထိခိုက်မှုတွေကြောင့် ကျိုးပဲ့နိုင်ပါသေးတယ်။
နီလာရဲ့ သိပ်သည်းဆကလည်း ပုံမှန်အားဖြင့် ၄.၀ ဝန်းကျင်ရှိပါတယ်ရှင်။
(၅) နီလာကို ဘယ်နိုင်ငံတွေမှာ တွေ့ရနိုင်လဲ?
နီလာကျောက်တွေကို မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊ ကက်ရှမီးယားဒေသ၊ ဩစတြေးလျ၊ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာလည်း တွေ့ရှိနိုင်ပါတယ်။
ထွက်ရှိရာဒေသတစ်ခုနဲ့တစ်ခုအလိုက် နီလာရဲ့ အရောင်၊ ကြည်လင်မှုနဲ့ အတွင်းပါဝင်မှုတွေ ကွာခြားနိုင်ပါတယ်ရှင်။
နီလာတစ်ပွင့်ရဲ့ တန်ဖိုးကို ဘယ်လိုသတ်မှတ်ကြလဲ?
အရောင်လှရုံနဲ့ နီလာတစ်ပွင့်ရဲ့ တန်ဖိုးကို ဆုံးဖြတ်လို့မရပါဘူးနော်။ အရောင်ရဲ့ အလှအပ၊ ကြည်လင်မှု၊ ဖြတ်တောက်ပုံ၊ ကာရက်အလေးချိန်၊ သဘာဝကျောက်ဖြစ်မဖြစ်နဲ့ အပူပေးပြုပြင်ထားခြင်းရှိမရှိတို့ကိုပါ ထည့်သွင်းစဉ်းစားကြပါတယ်။
နီလာကျောက်ကို ရွေးချယ်မယ်ဆိုရင် အရောင်လှပမှုအပြင် ကျောက်ရဲ့ မူလထွက်ရှိရာဒေသနဲ့ အရည်အသွေးကိုပါ သိထားဖို့ အရေးကြီးပါတယ်ရှင်။