07/11/2022
🔴 အလင်းသမုဒ္ဒရာ
(၁)
မိမိတို့ သိမီလိုက်သော မြန်မာပြည် သာသနာတော်လောက၌ စာပေကျမ်းဂန် တတ်မြောက်မှုတွင် ထိပ်ဆုံးအဆင့်မှာရှိသော၊ 'ထိပ်ဆုံးက ဘယ်အဆင့်ပါလဲ' ဆိုလျှင် ပိဋကတ်သုံးပုံကိုပင် နှုတ်ငုံဆောင်နိုင်ခဲ့သော၊ အရွယ်နှင့်အသက်ကို မငဲ့ကွက်မူ၍ နိုင်ငံတော်နှင့် သာသနာတော်အတွက် နယ်တကာလှည့်လည့်ပြီး တရားဓမ္မဟောပြခြင်းဖြင့် ရလာသည့် ခန္ဓာကို အကျိုးရှိရှိ အသုံးချသွားသော ဘုန်းတော်ကြီးတစ်ပါး ရှိခဲ့၏ဆိုလျှင် ထိုဘုန်းတော်ကြီးသည် မင်းကွန်းတိပိဋက ဆရာတော်ကြီးမှတစ်ပါး အခြားတစ်ပါး မဟုတ်ခဲ့တာ သေချာပါသည်။
ဆရာတော်၏ မွေးဇာတိက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဖြစ်သည်။ မွေးဖွားရာနယ်မြေကို အစွဲပြု၍ အမည်တွင်စတမ်းဆိုပါက ''မြင်းခြံ တိပိဋကဆရာတော်'' ဟု တွင်ဖို့သာရှိသည်။ သို့သော်မတွင်။ ''မင်းကွန်းတိပိဋကဆရာတော်'' ဟုသာ တွင်သည်။ ထိုသို့တွင်ရခြင်းမှာ သက်တော် ၁၉ နှစ်သားအရွယ်ကပင် မင်းကွန်း၊ ဓမ္မနာဒကျောင်းတိုက်သို့ ရောက်ရှိခဲ့ခြင်း၊ ရဟန်း ၇ ဝါအရမှာပင် ဓမ္မနာဒတိုက်၏ ပဓာနနာယကဆရာတော် ဖြစ်ခဲ့ခြင်း၊ ဇာတိမြင်းခြံထက် ပ၀တ္တိမင်းကွန်းမှာသာ ကာလတာရှည် သီတင်းသုံးတော်မူခဲ့ခြင်းတို့ကလည်း အကြောင်းတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိပါသည်။ သို့သော် ဒါက ယေဘုယျမှတ်ချက်တစ်ခုပဲ ဖြစ်မည်။ အကြောင်းသော်ကား မင်းကွန်းကို 'အောင်မြေ' အဖြစ် မှတ်ယူကောင်းမှတ်ယူခဲ့ရာသော ဆရာတော်၏အဇ္စျတ္တနှင့် မင်းကွန်းအပေါ် ထားရှိသော ဆရာတော်၏ မေတ္တာ စေတနာ အထုအထည်ကိုလည်း ထည့်သွင်းတွက်ချက်သင့်သောကြောင့်ပင်။ ဇာစ်မြစ်ကို မသိလျှင် ဆရာတော်ကြီးက မင်းကွန်းဇာတိ မင်းကွန်းသားဟုပင် ထင်ချင်စရာ။
(၂)
ဆရာတော်၏ တစ်သက်တာ၌ အထူးခြားဆုံးသော အောင်မြင်မှုနှင့် အထူးခြားဆုံးသော လုပ်ဆောင်ချက်တို့ များစွာရှိခဲ့သည်။ ၁၃ နှစ်သားအရွယ် 'ရှင်ဝိစိတ္တသာရ' ဘ၀ကပင် မြင်းခြံမြို့နယ်လုံးဆိုင်ရာ ဝိနည်းစာပြန်ပွဲကြီး၌ သဒ္ဒါကြီး ၈ စောင်ကို နှုတ်တက်အာဂုံပြန်ဆိုနိုင်ခဲ့ခြင်း။ ၁၄ နှစ်သားအရွယ်၌ သင်္ဂြိုဟ် ၉ ပိုင်းကို အထောက်အမ မရှိ ချောမောပြေပြစ်စွာ ပြန်ဆိုနိုင်၍ စာထောက်စာမဆရာတော်ကြီးများ၏ ချီးကျူးမှုကို ခံယူခဲ့ရခြင်း။ မန္တလေးမြို့မှာ ကျင်းပသည့် သကျသီဟစာမေးပွဲကို ဖြေဆိုချိန်၌ စာသင်တန်းနှင့်စာချတန်းကို နှစ်မခြားဘဲ ဆက်တိုက်ဖြေဆိုအောင် မြင်သဖြင့် ''၀ဋံသကာ'' (ဦးဆောက်ပန်း) ဘွဲ့ထူးကို ရရှိခဲ့ခြင်း။ ပထမကျော်ဘွဲ့၊ အဋ္ဌကထာပြန်ကျော်ဘွဲ့တို့ကို ရရှိခဲ့ခြင်းနှင့် အများသူငါ သိကြပြီးဖြစ်သည့် ''တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက'' ဘွဲ့ဂုဏ်ထူးကို နိုင်ငံတော်၏ အဦးအစ ပထမပုဂ္ဂိုလ်အနေဖြင့် ရရှိခဲ့ခြင်းတို့ကို အထူးခြားဆုံးသော အောင်မြင်မှုအဖြစ် ဖော်ပြလိုပါသည်။ ဒါက ဆရာတော် ၏ အောင်မြင်မှုကို တတ်နိုင်သမျှ အကျဉ်းချုံး၍ ဆိုမိခြင်းမျှသာ။
မြန်မာပြည်မှာသာမက အဘယ်မည်သော ထေရဝါဒနိုင်ငံမှာမှ ပေါ်ထွက်မလာသေးသော တိပိဋကပုဂ္ဂိုလ်အဖြစ် ကမ္ဘာကို အလင်းပြလိုက်ပြီဆိုတော့ ဆရာတော့်ကို မွေးဖွားပေးလိုက်သည့် နိုင်ငံတော်ကလည်း ကမ္ဘာ့အလယ်မှာ ဂုဏ်မြင့်လာရသည်။ ''အလို .. မြန်မာနိုင်ငံမှာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးတောင် ရှိသတဲ့'' ဟု ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပညာရှင်တို့၏ နှုတ်ဖျားမှ ထိုစကားမျိုး ထွက်ပေါ်ကောင်း ထွက်ပေါ်ခဲ့ပါလိမ့်မည်။ နှုတ်ဖြင့် မဆိုမိသော်မှ ရှိစေ။ စိတ်ထဲမှာတော့ ထိုအတွေးမျိုး ရှိနေနိုင်သည်သာ။ တစ်ဆက်တည်း ဖြစ်လာရသည့် အကျိုးဆက်က ''ငါတို့လည်း တိပိဋကကျက်လို့ရတာပဲ။ ငါတို့လည်း တိပိဋက ဖြစ်နိုင်တာပဲ'' စသည်ဖြင့် ဆရာတော့်ကို အားကျစိတ်ဖြင့် တိပိဋကစာသဘင်ကို ပါ၀င်ဖြေဆိုမည့် တိပိဋကလက်သစ်များ ပေါ်ပေါက်လာခဲ့ခြင်းဟု ဆိုနိုင်မည်ထင်ပါသည်။
(၃)
အထူးခြားဆုံးသော အောင်မြင်မှုအကြောင်းကို အကျဉ်းရုံး ပြဆိုခဲ့ပြီးနောက် အထူးခြားဆုံးသော လုပ်ဆောင်ချက်တို့အကြောင်းကို ပြောပြချင်ပါသည်။ ထိုလုပ်ဆောင်ချက်များက ပါရမီရှင် ပညာရှင် မေတ္တာရှင် ပုဂ္ဂိုလ်ထူးတို့သာ လုပ်ဆောင်နိုင်စွမ်းသော လုပ်ဆောင်ချက်တို့လည်း ဖြစ်နေခဲ့သည်။ မိမိမြင်နိုင်စွမ်းသော ပမာဏဖြင့် ဆိုရပါသော် ဆဋ္ဌသံဂါယနာတင်ကာလက ပါဠိတော်အဖြေ (ဝိသဇ္ဇက) ပုဂ္ဂိုလ်အဖြစ် ရဲရဲဝံ့ဝံ့ဆောင်ရွက်တော်မူခဲ့ခြင်း အကြောင်းကို ဦးစွာ ပြောလိုပါသည်။ ထိုပွဲသဘင်၌ ရန်ကုန်မြို့၊ မဟာစည်ဆရာတော်ကြီးက ပါဠိတော်အမေး (ပုစ္ဆက) ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။
သံဂါယနာခေတ်၌ ဆရာတော်ထမ်းဆောင်ခဲ့ရသော တာ၀န်များကို အကျဉ်းရုံး၍ ပြောပြလိုပါသေးသည်။
ဆရာတော်သည် ၁၃၁၆ ခုနှစ်မှ ၁၃၁၈ ခုနှစ်တို့၌ ကျင်းပခဲ့သော ဆဋ္ဌသံဂါယနာသဘင်၌ ပါဠိသံဂါယနာအဖြေ တာ၀န်ကို၊ ၁၃၁၈ ခုနှစ်မှ ၁၃၂၁ ခုနှစ်အထိ အဋ္ဌကထာသံဂါယနာအဖြေ တာ၀န်ကို၊ ၁၃၂၂ ခုနှစ်မှ ၁၃၂၃ ခုနှစ် အထိ ဋီကာသံဂါယနာအဖြေ တာ၀န်ကို တစ်ပါးတည်း တာ၀န်ယူ၍ ထမ်းဆောင်တော်မူခဲ့သည်။ ဆရာတော့်အနေဖြင့် ထိုသံဂါယနာတင်ပွဲ၌ သံဂါယနာအဖြေတာ၀န်နှင့်အတူ တာ၀န်ကြီး ၉ ရပ်ကို ထမ်းဆောင်တော်မူခဲ့သည်။ အံ့ဘနန်း ပုဂ္ဂိုလ်ထူးပါပေ။
သာသနာတော်သမိုင်း၌ 'ဗုဒ္ဓပါ၀စန' ဟု ဆိုကြသည့် ဘုရားနှုတ်ထွက် ပါဠိတော်များ တစ်ပြေးညီရှိနေစေဖို့ သံဃာတော်များ စုပေါင်းရွတ်ဆိုကြသည့် သံဂါယနာတင် ပွဲတော်များကို အရှင်မဟာကဿပတို့ လက်ထက်တော်မှ စ၍ ကျင်းပလာခဲ့ရာ အကြိမ်အားဖြင့် ၆ ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။ ထိုတွင် ပဉ္စမသံဂါယနာနှင့် ဆဋ္ဌသံဂါယနာတို့ကို မြန်မာပြည်က လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုအချက်က ဗုဒ္ဓသာသနာတော်နှင့်စပ်၍ မြန်မာနိုင်ငံ၏ မဟန္တပညာဂုဏ်နှင့် စွမ်းဆောင်နိုင်မှု အရည်အသွေးကို ထင်သာမြင်သာ ရှိစေပါသည်။
ဆရာတော်၏ ဂုဏ်ယူလောက်သော သီးခြားလုပ်ဆောင်ချက်တစ်ခုက မိမိနည်းတူ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်မည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေဖို့ မင်းကွန်းဒေသ မိုးမိတ်ကုန်းမြေနေရာ၌ တိပိဋက နိကာယ ကျောင်းဆောင်ကို တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်ကာလ၌ကား တိပိဋကဆရာတော်တို့ ၁၅ ပါးအထိ ပေါ်ထွန်းခဲ့ပြီးဖြစ်သော်လည်း မိမိတို့ငယ်စဉ်ကတော့ မြန်မာနိုင်ငံ၌ တိပိဋကဆရာတော် ၄ ပါးသာ ရှိသည်။ သီးခြားကျောင်းတိုက်တို့မှ ပေါ်ထွက်လာသည့် တိပိဋကပုဂ္ဂိုလ်တို့ ရှိခဲ့သည်မှန်သော်ငြား မိုးမိတ်ကုန်းမြေမှ ပေါ်ထွက်လာသည့် တိပိဋကပုဂ္ဂိုလ် အရေအတွက်က ပိုမိုသာလွန်ပါသည်။ ထိုအချက်က ဆရာတော်၏ ရည်ရွယ်ချက် အထမြောက်ပုံနှင့် လုပ်ဆောင်ချက် အောင်မြင်ခဲ့ပုံကို ပြဆိုနေပါသည်။
သိသာထင်ရှားစွာသော လုပ်ဆောင်ချက်နောက်တစ်ခုက မြန်မာနိုင်ငံ၌ ခေတ်မီနည်းစနစ်ဖြင့် သင်ကြားပေးနိုင်မည့် သာသနာ့တက္ကသိုလ်ကြီးများ ပေါ်ထွန်းလာစေဖို့ ဦးဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို အကောင်အထည် ဖော်ကြမည်ဆိုတော့ ''လူတိုင်းလူတိုင်း ကျောင်းဒါယကာဖြစ်ပါစေ၊ မပင်ပန်းသည့် အလှူဖြစ်ပါစေ၊ သားစဉ်မြေးဆက် သာသနာ့ အမွေခံများ ဖြစ်ပါစေ'' ဆိုသည့်မူကို ချမှတ်ကာ တစ်အိမ်ထောင်လျှင် ပြာငါးဆယ်နှုန်းဖြင့် တိုင်းနှင့်ပြည်နယ် အလိုက် ၃ နှစ်တိုင်တိုင် အလှူခံခဲ့သည်။ ထိုကိစ္စကို အကောင်အထည်ဖော်ရာ၌ မင်းကွန်းဆရာတော်ကြီး ကိုယ်တော်တိုင် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ကြွရောက်ကာ နေ့ညမနား တရားဓမ္မများ ဟောကြားတော်မူ၍ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေတော်မူခဲ့သည်။
နောက်ပြီး ဆရာတော်က မန္တလေးမြို့၊ မလွန်ဈေးဆန်လှူအသင်းကြီး၏ ဓမ္မကထိကဆရာတော်တစ်ပါးလည်း ဖြစ်သည်။ ဆရာတော့် တစ်သက်တာ၌ အကြောင်းအားလျော်စွာ ဟောပြောခဲ့ရသည့် တရားပွဲပေါင်း ၁၅၀၀၀ (တစ်သောင်းငါးထောင်) ကျော် ရှိခဲ့၏ဟု မှတ်တမ်းများက ဆိုပါသည်။ ဆရာတော်နှင့် ပတ်သက်သော အထိမ်းအမှတ်ပြခန်းများ၌ တစ်သက်တာအတွင်း ကြွလှမ်းခဲ့ရသည့် ဓမ္မခရီးစဉ်တစ်လျှောက်လုံး ရံခါ နွားလှည်းလေးဖြင့်၊ ရံခါ လှေကလေးဖြင့်၊ ရံခါ ဆိုက်ကားလေးတစ်စီးဖြင့်၊ ရံခါ လယ်ထွန်စက်ကြီးကိုပင် စီးကာ ကုပ်ကုပ်ရုပ်ရုပ်လေး လိုက်ပါ ကြွလှမ်းတော်မူခဲ့သည့် မှတ်တမ်းဓာတ်ပုံတို့ကို မြင်ရသည်မှာ ကြည်နူးစရာကောင်းသည်နှင့်အမျှ လွမ်းစရာလည်း ကောင်းလှပါသည်။
(၄)
မိမိအနေဖြင့်သော် မန္တလေးသာသနာ့တက္ကသိုလ်ကို ရောက်မှပင် မင်းကွန်းဆရာတော်ကြီးနှင့် နီးနီးကပ်ကပ် အထိအတွေ့ ရှိခဲ့ရခြင်းဖြစ်သည်။ မိမိတို့ ဆုံကြချိန်မှာတော့ ဆရာတော်ကြီးက သက်တော်ဝါတော် ကြီးရင့်ခဲ့ပါပြီ။ တစ်ခါတစ်ရံ မန္တလေး၌ ညအိပ်နားနေဖို့ အကြောင်းဆိုက်လာပြီဆိုလျှင် ရွှေကျောင်းကြီး မြောက်ဘက်ရှိ တိပိဋက ရွှေဟင်္သာကျောင်းမှာ ညအိပ်ကျိန်းစက်တော်မူလေ့ရှိသည်။ ရံခါ၌ သာသနာ့တက္ကသိုလ်သို့ ကြွရောက်လာပြီး သြဝါဒ စကား မိန့်ကြားတော်မူခဲ့ခြင်းများကို မှတ်မိနေသည်။
တစ်နေ့သ၌ ဆရာတော်ကြီးက သြဝါဒမိန့်ကြားသည်။ ထိုစဉ်က စာချ၊ စာသင်အရေအတွက်ကလည်း နည်းပါးသေးသည်မို့ နာယကချုပ်ကျောင်းဆောင်မှာပဲ ထိုအခမ်းအနားကို ကျင်းပသည်။ ထိုခေတ်ကာလ၌ ''သာသနာမှာ ဘုန်းကြီးအတုတွေလည်း ရှိသတဲ့'' ဆိုသော စကားတစ်ခွန်းက ခေတ်စားနေသည်။ ဆရာတော်ကြီး၏ သြဝါဒစကားတော်၌ လောလောလတ်လတ် ခေတ်စားနေသော ထိုကိစ္စကိုပါ သတိပေးသည့်အနေဖြင့် မိန့်မြွက်ခဲ့သည်ကို မှတ်မိနေသည်။ ထိုစကားတော်၌ ဆရာတော်ကြီး၏ အဖြူထည်စိတ်အနေကို ထင်ထင်ရှားရှားကြီး တွေ့လိုက်ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဆရာတော်ကြီး၏ အဆိုအမိန့်ကို မိမိမှတ်မိသလောက် ပြောပြလိုပါသည်။
''အရှင်ဘုရားတို့ .. ကိုယ်တော်လေးတို့ ..''
ဤကား ဆရာတော်ကြီး၏ အာလုပ်ပုဒ်ဖြစ်သည်။ ''ဓမ္မဘဏ္ဍာဂါရိက'' ဘွဲ့ဂုဏ်ထူးဖြင့် ထင်ရှားသော၊ စာမျက်နှာပေါင်း ၈၀၂၇ (ရှစ်ထောင့် နှစ်ဆယ့် ခုနစ်) အရေအတွက်ရှိသော ကျမ်းစာများကို အထောက်အမ ကင်းစွာဖြင့် အမှားအယွင်းမရှိ နှုတ်တိုက်အာဂုံဆောင်နိုင်ခြင်းကြောင့် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် ''ကမ္ဘာ့ ဉာဏ်အကောင်းဆုံးလူသား'' အဖြစ် ကမ္ဘာက အသိအမှတ်ပြုခံထားရသော ဆရာတော်ကြီးတစ်ပါးက သံဃာ့ပရိသတ်ကို ခေါ်ဝေါ်လိုက်သည့် အာလုပ်ပုဒ်က ''အရှင်ဘုရားတို့'' တဲ့။ အဘယ်မျှ လေးမြတ်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။
ဘာသာရေးဆိုင်ရာ အခမ်းအနားတို့၌ ဆရာတော်ကြီးဟောသော တရားဒေသနာတို့ကို အခါအားလျော်စွာ နာယူရတတ်သည်။ အခမ်းအနား၌ သံဃာတော်များက ပရိတ်တရားချီးမြှင့်ချိန် ရောက်လျှင် ဆရာတော်ကြီးသည် ဓမ္မပလ္လင်ပေါ်မှနေ၍ မေတ္တာဘာ၀နာ ပွားများချိန်တန်ပြီဖြစ်ကြောင်း မိန့်သည်။ မိန့်သည့်စကားကိုလည်း ကြည့်ပါဦး။ '
'ရိုသေစွာ
ပန်ကြားလျှောက်ထားပါသည်
အရှင်ကောင်း
အရှင်မြတ်အပေါင်းတို့'' တဲ့။
ကြားရသည်က ကြက်သီးများပင် ထချင်စရာ။
ယခုလည်း သာသနာ့တက္ကသိုလ်ရှိ တပည့်သံဃာများကို သြဝါဒပေးမည်ဆိုတော့ အဦးအစ အာလုပ်စကားက ''အရှင်ဘုရားတို့၊ ကိုယ်တော်လေးတို့'' တဲ့။ ထိုစကားရပ်၌ သံဃပရိသတ်အပေါ် ထားရှိသော လေးမြတ်မှုနှင့် မေတ္တာအားကြီးသော အသံထွက်ကို မြင်နိုင်ပါသည်။ ဆရာတော်ကြီး၏ စိတ်နေစိတ်ထားက လေးစားဖွယ်၊ ဂုဏ်ယူဖွယ် ကောင်းလှဘိသည်။ သီလ သမာဓိ ပညာဂုဏ်အစု၌ နိဝါတ (နှိမ့်ချမှု) ကို အထွတ်တင်ပြီဆိုတော့ မင်္ဂလာက ထိုက်ပြီးရင်းထိုက်ရင်း ဖြစ်တော့သည်။
ထိုအခမ်းအနားမှာ ဆရာတော် မိန့်ခဲ့သည့် စကားတစ်ရပ်က ရိုးဖြောင့်လွန်းသည်နှင့်အမျှ ချစ်စရာလည်း ကောင်းနေခဲ့သည်။ ''ကိုယ်တော်လေးတို့၊ ပြောရဦးမယ်။ သာသနာမှာ သည်လိုမျိုး ရဟန်းအတုတွေလည်း ရှိနေတယ် ဆိုတော့ ဘယ်သူကအစစ်၊ ဘယ်သူကအတုရယ်လို့ သိဖို့က မလွယ်ဘူး။ သည်တော့ သည်ကောင်မျိုးတွေနဲ့ ကြုံလာခဲ့ရင် တစ်ခါတည်း ဒေသနာသာ ခေါ်ကြားပစ်လိုက်'' ဟူ၏။
ဆရာတော်ကြီး ဆိုလိုသည်မှာ ''ဒေသနာကြားကိုရလျှင် ရဟန်းအစစ်၊ မရခဲ့လျှင်တော့ ရဟန်းအတု'' ဟု ဆိုလိုဟန်တူပါသည်။ ထိုစကားကို မိန့်တော့ အနားရှိ မောင်သုန် (ဦးသုန္ဒရ) က မိမိကို လက်ကုတ်သည်။ ''ကိုသု၊ ကြားလားကြားလား'' ဆိုသည့်အဓိပ္ပါယ်။ ကျောင်းပြန်ရောက်သည်အထိ သူက ထိုစကားအပေါ် ကျေနပ်၍မဆုံး၊ ပြော၍မပြီးနိုင်။ ''သြော် ..ငါတို့ဆရာတော်ကြီးနှယ် ရိုးလိုက်ပါဘိတော့။ ဟိုအကောင်တွေက ဒေသနာကြားကို ကျက်ပြီးသားဖြစ်နေရင် ဘယ့်နှယ်လုပ်'' တဲ့။ အင်း၊ ကြံကြံဖန်ဖန် ဆိုလည်းဆိုတတ်လေသူ မောင်သုန်။
(၅)
သတိထားမိသည့် နောက်တစ်ချက်က ဆရာတော်၏ တရားဟောဟန်ဖြစ်သည်။ ဆရာတော်ကြီး၏ အသံတော်က ကိုယ်ကာယနှင့် မလိုက်ဖက်လောက်အောင်ကို အောင်မြင်ခံ့ညားသည်။ အသံတော်က အောင်မြင်ခံ့ညားပါသော်ငြား ဟောပြောသည့် လေယူလေသိမ်းကတော့ အင်မတန်ရိုးစင်းဘိသည်။ သို့သော် ထိုရိုးစင်းမှုမှာပင် နာလို့မ၀ ဖြစ်ကြရပါကုန်၏။
''ကိုယ်တော်တို့ သတိထားမိလား၊ မင်းကွန်းဆရာတော်ကြီး တရားဟောတဲ့အခါ ပါဠိတော်ကို အနက်ပေးပြီး ဘာသာပြန်သလို ရိုးရိုးကြီးပြောတာကို'' ဟု သီတင်းသုံးဘော်တွေကို ပြောမိတော့ ''အေးလေ သိသား'' တဲ့။ ''အဲသလို ရိုးရိုးကြီးပြောတာကိုပဲ အရသာရှိနေတာက ဘာလို့လဲသိလား'' ဆိုတော့ ''ဟ၊ ဒါတော့ ကောင်းတာကိုးဟဲ့'' တဲ့။ ''အေးလေ၊ ဘာလို့ကောင်းတာလဲ မေးတာ'' ဆိုတော့ ''ဒါတော့ ဘယ်သိမလဲကွ'' ဆိုကြသည်။
သည်ပုံသည်နည်း ရိုးရိုးကြီး ပြောဟောသည်ဖြစ်ပါလျက် သည်လောက်ကြီး ကောင်းနေသည်ကတော့ ဆရာတော်ကြီး၏ မေတ္တာနှင့် ပညာကြောင့်ဟုသာ မိမိက ဆင်ခြင်မိပါသည်။ မိမိ၏ အဆင်အခြင်မျှသာမို့ သစ္စာထိုက် မထိုက်ကတော့ မသေချာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သူတို့ကို ထိုအကြောင်း ပြောပြလိုက်တော့ ''အေးဟ၊ မောင်ရင် ပြောတာလည်း ဟုတ်တုတ်တုတ်'' ဟူ၏။
ပိဋကတ်သုံးပုံကို နှုတ်တက်ရွရွ အာဂုံဆောင်နိုင်သော၊ နိုင်ငံနှင့်ချီ၍ လေးမြတ်ပူဇော်ခြင်းကို ခံတော်မူထိုက်သော မထေရ်ကြီးတစ်ပါး ဖြစ်ခဲ့သော်ငြား ဆရာတော်၏ ဘဝနေမှုဟန်မူရာ၌ မောက်ကြွားခက်ထန်ခြင်းမျိုးကို မတွေ့ရ။ အင်မတန် အလှမ်းဝေးသော တစ်နေရာမှ မှန်းဆမိသည့် ထင်မြင်ချက်ပင် ဖြစ်သော်ငြား ထိုထင်မြင်ချက်က မလွဲတန်ရာပါ။ အနီးနေပုဂ္ဂိုလ်တို့၏ ဆိုစကားတို့၌လည်း ထိုအချက်က ထင်ရှားပြီးဖြစ်ပါသည်။ သို့သော် တစ်နေရာမှာတော့ တိပိဋကကိစ္စနှင့်ပတ်သက်၍ ဆရာတော်ကြီးနှုတ်မှ ကျေနပ်အားရစကားတစ်ခွန်းကို မိန့်ခဲ့ဖူး၏ဟု ဆိုပါသည်။
''ဘုန်းကြီး၊ တိပိဋက အာဂုံပြန်တဲ့အခါ
'ငါ့ပါးစပ် အမေ့နို့စို့ရကျိုးနပ်ပြီ'
ဆိုပြီး အမေ့ကို အမျှဝေတော့
တစ်ကိုယ်လုံးမှာ ပီတိတွေ ဖြစ်လိုက်တာများ
ဘယ်အရသာနဲ့မှကို မတူဘူး''
ဟု ဆရာတော် ကျူးရင့်ခဲ့ဖူးပါသတဲ့။
ထိုစကားကို ကြားမိသည့်ခဏ ထိုပီတိက လူကိုလာကူးပြီး တစ်ကိုယ်လုံး ဖြန်းခနဲဖြစ်သွားရသည်။ သြော် ..ကြားရခြင်း ၌ အရသာရှိလှပါဘိတောင်း။
(၆)
လွန်ခဲ့သည့် တပေါင်းလက အရှင်ကုဠုဒါယီ၏ ဂါထာခြောက်ဆယ် ပါဠိနိဿယများကို အွန်လိုင်းစာမျက်နှာ ပေါ် ရေးတင်ခဲ့သည်။ အင်း၀ဂုဏ်ရည် ဆရာကြီးဦးကိုလေးက သူ၏ facebook စာမျက်နှာ၌ ''ထိုဂါထာများကို နာယူမှတ်သားလိုပါသည်။ အရှင်ဘုရား တစ်ပါးပါးက တင်ပေးစေလိုပါသည်။ အများကြီးမဟုတ်။ ၄ ဂါထာလောက်ဆို ရပါပြီ'' ဟု ရေးထားသည့် စာကို တွေ့မိပြီးနောက် ထိုဂါထာများကို ကူးယူပူဇော်မည် ဆိုသည့်စိတ်ဖြင့် စာအုပ်ကြီး တစ်အုပ်ကို လှန်လှောကြည့်ရှုကာ တစ်နေ့ ၃ ဂါထာနှုန်းဖြင့် ၆၄ ဂါထာလုံးကုန်အောင် Post တင်ခဲ့ဖြင်းဖြစ်ပါ၏။ ထိုကိစ္စအတွက် မိမိ ကြည့်ရှုခဲ့သည့် စာအုပ်က မင်းကွန်း တိပိဋကဆရာတော်ကြီး ပြုစုခဲ့သော မဟာဗုဒ္ဓ၀င်ကျမ်းကြီးပဲ ဖြစ်သည်။
ဗုဒ္ဓ၏ အကြောင်းအရာမှန်က အပ်ကျသည်မျှ မကျန်ရလေအောင် အကျယ်တ၀င့် ပြုစုပေးပါရန် ၀န်ကြီးချုပ်ဦးနုက တောင်းပန်လျှောက်ထားသောကြောင့် ပမာဏ ကြီးမားစွာသော ထိုကျမ်းစာအုပ်ကြီးကို ပြုစုခဲ့၏ဟု မဟာဗုဒ္ဓ၀င် နိဒါန်း၌ ဆိုပါသည်။ ''၁၃၁၇ ခုနှစ်မှ ၁၃၃၁ ခုနှစ်အတွင်း အုပ်တွဲ ၆ တွဲ၊ အုပ်ရေ ၈ အုပ်ကို ပြုစုတော်မူ'' ဆိုသည့် မှတ်တမ်းအရ ကျမ်းပြုကာလ ၁၅ နှစ်ကြာမြင့်ခဲ့၏ဟု နားလည်ရပါသည်။ မိမိ၏ စာရေးသက်တစ်လျှောက်၌ ဘာသာရေးဆိုင်ရာ စာတို့ကို ရေးမည်ကြံတိုင်း မဟာဗုဒ္ဓ၀င် ကျမ်းစာအုပ်ကြီးကို လှန်လှောကြည့်ဖြစ်ခဲ့သည်က အခါခါ။ သည်တော့ ထိုကျမ်းစာကို ပြုစုတော်မူခဲ့သော မင်းကွန်းတိပိဋကဆရာတော်ကြီး၏ ကျေးဇူးတရားက မိမိအပေါ် အရိပ်လို မိုးနေခဲ့ပါကလားဟု မကြာမကြာ ဆင်ခြင်မိရသည်။
ဤမြေဤရေ၌ ဆရာတော် ပြုစုခဲ့သော ကျမ်းစာတို့ကို ဖတ်ရှုပြီး ဉာဏ်အလင်းပွင့်ခဲ့သူတို့ မည်မျှနည်း။ ဆရာတော် ဟောကြားခဲ့သော ဓမ္မဒေသနာတို့ကို နာကြားပြီး ဉာဏ်အလင်းပွင့်ခဲ့သူတို့ မည်မျှနည်း။ ဆရာတော်နှင့် ကြုံခွင့်ဆုံခွင့်သာ၍ လူသား၏ လူ့အဖြစ်ကို ထင်စွာနားလည်ခဲ့ရသူတို့ မည်မျှရှိခဲ့လေပြီနည်း။
(၇)
မဟာဗုဒ္ဓ၀င် ကျမ်းပြီးနိဂုံ ၉ ဂါထာအခန်း၌
''ဉတွာ = သုတ စိန္တာ ဘာ၀နာဟု ပညာသုံးဆိုင်း မြင်းလျှင်စိုင်းသို့ ပြိုင်းပြိုင်းထင်ထင် အမှန်အတိုင်း သိမြင်ကြ၍'' ဟု ပါရှိသည်။ ထိုစကားမျှဖြင့်ပင် စာဖတ်သူတို့အပေါ် ထားရှိသော ဆရာတော်၏ စေတနာဓာတ် မေတ္တာဓာတ်ကို သိမှတ်ကြည်ညိုခွင့် ရနိုင်ပါပြီ။ ထို ၉ ဂါထာ၏ အဆုံး၌ ဆရာတော်က တစ်ချက်ပဲ ဆုတောင်းခဲ့သည်။ ''ပုဒိအာနှင့် ပြည့်စုံရပါလို၏'' တဲ့။ ထိုအဆိုကိုထောက်ဆ၍ ဆရာတော်ကြီး၏ ဘုရားဆုပန်သည့်အဖြစ်ကိုလည်း သိမှတ်ကြည်ညိုခွင့် ရနိုင်ပါပြီ။
ဆရာတော်သည် ကိုယ်တိုင်က တိပိဋကဖြစ်ခဲ့သလို စွမ်းနိုင်သူများကိုလည်း တိပိဋကဖြစ်ကြစေဖို့ လမ်းသစ်ဖောက်ခဲ့သော ဦးဆောင်အရှင်တစ်ပါးဖြစ်သည်။ ကိုယ်တိုင်က ပညာရှင်ဖြစ်သလို အခြားသူများကိုလည်း ပညာရှင် ဖြစ်စေဖို့ စွမ်းစွမ်းတမံ အားစိုက်ခဲ့သည့် ပညာရှင်ကြီးတစ်ပါးလည်း ဖြစ်သည်။ ထိုမှတစ်ပါး တစ်ခေတ်မှာတစ်ယောက် ထွန်းပေါ်ပေါက်လာသည့် အလင်းကိုဖြန့်ဝေသူ ပုဂ္ဂိုလ်မွန်တစ်ပါးဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ၁၃၅၄ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၃ ရက်၊ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်၊ သက်တော် ၈၁ နှစ်အရွယ်၌ ဤဘ၀ခန္ဓာကို အဆုံးသတ် တော်မူပါသည်။
ဆရာတော် မရှိတော့သော်လည်း ဆရာတော် ထွန်းညှိခဲ့သော အလင်းမီးတိုင်က ဆက်လက်လင်းလက်နေဆဲ ဖြစ်ပါ၏။ ထိုအလင်းက အဘယ်မျှထွန်းတောက်ပါသနည်း။ အဘယ်မျှ ကျယ်ပြန့်ပါသနည်း။ မိမိတို့အနေဖြင့်သော် ပမာဏကို တိုင်းတာခြင်းငှာ မစွမ်းသာခဲ့ပါ။ သည်တော့ ''ဆရာတော် ထွန်းညှိခဲ့သည့်အလင်းက သမုဒ္ဒရာကြီးလောက် ကျယ်ပြန့်ပါပေသည်ဘုရား'' ဟုသာ ဆိုရန်ရှိတော့သည်။
ဤစာအစုဖြင့် မင်းကွန်းတိပိဋကဆရာတော်ကြီး၏ အနန္တဂုဏ်ရည်ကို ဦးချကော်ရော် ပူဇော်ကန်တော့ပါသည်။
◾အရှင်သုမင်္ဂလ (စစ်ကိုင်း)
◾အတွေးအမြင်၊ (ဩဂုတ်လ၊ ၂၀၂၀)
ရည်ညွှန်းစာ
----------------
▪️မဟာဗုဒ္ဓ၀င်
✍️(မင်းကွန်းဆရာတော်ဘုရားကြီး)
▪️သာသနာ့တက္ကသိုလ်ငွေရတု သမိုင်းမော်ကွန်း
▪️ကောင်းကင်ခြိမ့်ခြိမ့် မြေသိမ့်သိမ့်
✍️(ဓမ္မဘေရီ အရှင်ဝီရိယ)
▪️မြန်မာ့သာသနာ့သမိုင်း၀င် ဆရာတော်ကြီးများ
✍️(ကောင်းပြည့်စုံ)